International News

တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် (၃)နှစ်ဆက်တိုက် ကမ္ဘာ့အဆင့် (၁၀) တွင်ရပ်တည်နိုင်မည်ဟု IMF က ခန့်မှန်းထားမှုအခြေအနေ

Last Updated:

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) ၏ အချက်အလက်များအရ တောင်ကိုရီးယား၏ စီးပွားရေးသည် ၂၀၂၂  ခုနှစ်တွင် သုံးနှစ်ဆက်တိုက် အဆင့် (၁၀) နေရာတွင် ဆက်လက်ရပ်တည်နိုင်မည်ဟု ခန့်မှန်းထားကြောင်း လေ့လာသိရှိရပါသည်။ ကိန်းဂဏန်းများအရ တောင်ကိုရီးယား၏ Nominal GDP သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁.၈၂) ထရီလီယံနှင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁.၉၁) ထရီလီယံ အသီးသီးရှိမည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါ ခန့်မှန်းချက်များ အတုင်း အကောင်အထည်ဖော်နိုင်ပါက တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်မှစ၍ သုံးနှစ်ဆက်တိုက် ကမ္ဘာ့စီးပွားရေးအင်အားကြီး (၁၀) ခုမြောက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ကြောင်း IMF က ခန့်မှန်းထားပါသည်။

တောင်ကိုရီးယားနိုင်ငံသည် ရှေးယခင်က နှစ်ပေါင်းများစွာ ဆင်းရဲနိမ့်ကျနေခဲ့ပြီးနောက် ၎င်း၏ စီးပွားရေးအဆင့်ကို ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့အဆင့် (၁၀) သို့ တက်လှမ်းနိုင် ခဲ့သည်။ ထို့နောက် ၎င်း၏အဆင့်သည် ၂၀၂၀ ပြည့်နှစ်တွင် အဆင့် (၁၀) သို့ ပြန်မရောက်မီ ၂၀၁၉  ခုနှစ်တွင် အဆင့် (၁၂) သို့ ပြန်လည်ကျဆင်းသွားခဲ့ကြောင်း၊ အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော တောင်ကိုရီးယားနိုင်ငံသည် ပို့ကုန်များ အားကောင်းစွာတင်ပို့နိုင်မှုနှင့် စားသုံးသူသုံးစွဲမှုများပြန်လည် တိုးတက်ကောင်းမွန် လာခြင်းတို့ကြားတွင် ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ပြန်လည်နာလန်ထူလာနိုင်သည့် လက္ခဏာများကို တွေ့ရှိရကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ကို ယခု ၂၀၂၁ ခုနှစ်တွင် (၄.၃) ရာခိုင်နှုန်းနှင့် လာမည့် ၂၀၂၂ ခုနှစ်တွင် (၃.၃) ရာခိုင်နှုန်းခန့်တိုးတက်နိုင်မည်ဟု IMF က တိုးမြှင့်ခန့်မှန်းထားကြောင်း လေ့လာသိရှိရပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ တတိယပတ်အတွင်းတွင်  တောင်ကိုရီးယားအစိုးရသည် ၂၀၂၂ ခုနှစ်အတွက် နိုင်ငံ့စီးပွားရေးတိုးတက်မှုနှုန်း (GDP) အား ၂၀၂၁ ခုနှစ်၊ ဇွန်လက ခန့်မှန်းခဲ့သည့် (၃) ရာခိုင်နှုန်းအပေါ် (၃.၁) ရာခိုင်နှုန်းအထိ တိုးမြှင့်ပြန်လည်ပြင်ဆင်ခဲ့ကြောင်း၊ စီးပွားရေးရာ မသေချာမရေရာမှုများ မြင့်မားနေဆဲဖြစ်သော်လည်း ပို့ကုန်နှင့် ပုဂ္ဂလိကကဏ္ဍ အသုံးစရိတ်များကို သုံးစွဲခွင့်ပြု၍ ဆက်လက်ပံ့ပိုးရမည်ဖြစ်ကြောင်း သတင်းများအရ သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

ရင်းမြစ်- The Korea Times (27-12-2021)

Category: International News